International News

အိန္ဒိယနိုင်ငံတွင် ယခုနှစ် နွေရာသီစိုက်ပျိုးချိန်၌ စပါးစိုက်ဧက 4.4 ရာခိုင်နှုန်း တိုးလာပြီး ပဲမျိုးစုံ စိုက်ဧက 8.3 ရာခိုင်နှုန်းကျဆင်း

Last Updated:

အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်နှင့် ကာနတာကာပြည်နယ်တို့တွင် စပါးစိုက်ပျိုးမှုကျဆင်းသော်လည်း လက်ရှိအချိန်အထိ နွေရာသီစိုက်ပျိုးမှုတွင် စပါးစိုက်ပျိုးမှုမှာ ဟက်တာ ၃၈၄.၀၅ သိန်းရှိပြီး ၄.၄ ရာခိုင်နှုန်းတိုးလာပါကြောင်း၊ ပဲမျိုးစုံစိုက်ပျိုးမှုမှာ သြဂုတ်လ ၂၅ ရက်နေ့အထိ စိုက်ဧက ၁၁၇.၄၄ သိန်းသာရှိပြီး ယခင်နှစ်ဟက်တာ ၁၂၈.၀၇ သိန်းနှင့်နှိုင်းယှဉ်ပါက ၈.၃၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊အထူးသဖြင့် ပဲစဉ်းငုံ၊မတ်ပဲနှင့် ပဲတီစိမ်းစိုက်ဧကများကျဆင်းခဲ့သည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရှိရကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

နွေစိုက်ပျိုးချိန်(Kharif)ရာသီသည် မျိုးစေ့ကြဲခြင်းစတင်သည့် အနောက်တောင်မုတ်သုံလေစတင်ချိန် ဇွန်လမှစတင်ပြီး အောက်တိုဘာလတွင် ရိတ်သိမ်းမှုများဆောင်ရွက်သည့်အချိန်ထိဖြစ်ပါသည်။ ယခုရာသီတွင် စပါးသည် စုစုပေါင်းစပါးထွက်ရှိနိုင်မှု၏ ၈၀ ရာခိုင်နှုန်းကျော်ကို စိုက်ပျိုးထားသည့် အဓိကသီးနှံဖြစ်ပါကြောင်း၊ စပါးစိုက်ဧကမှာ ဩဂုတ်လ ၂၅ ရက်နေ့အထိ ဟက်တာ ၃၈၄.၀၅ သိန်းရှိပြီး ယခင်နှစ်ကာလတူတွင် စိုက်ပျိုးနိုင်မှုဟက်တာ ၃၆၇.၈၃ သိန်းထက် ပိုမိုစိုက်ပျိုးထားပါကြောင်း၊ ဘီဟာပြည်နယ်တွင် စပါးစိုက်ပျိုးဧကအများဆုံးတိုးလာသကဲ့သို့ ချဟတစ်ဂါရ်ပြည်နယ်နှင့်တီလန်ဂါနာပြည်နယ်တို့တွင်လည်း စိုက်ဧကများတိုးမြှင့စိုက်ပျိုးခဲ့သည်ဟု သိရှိရပါကြောင်း၊ သို့ရာတွင် ကာနတာကာပြည်နယ်နှင့် အင်ဒရာပရာဒေ့ရှ်ပြည်နယ်တို့တွင် စပါးစိုက်ဧကများကျဆင်းခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ နှံစားသီးနှံစိုက်ပျိုးမှုမှာ ပြီးခဲ့သည့်နှစ်တွင် ဟက်တာ ၁၇၆.၃၁ သိန်းရှိခဲ့ပြီး ယခုနှစ် နွေသီးနှံစိုက်ပျိုးမှုတွင် ဟက်တာ ၁၇၈.၃၃ သိန်းအထိ စိုက်ပျိုးထားသဖြင့် အနည်းငယ်တိုးလာပါကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးမှုမှာ ဟက်တာ ၁၈၈.၅၈ သိန်းသာရှိသဖြင့် ယခင်နှစ်စိုက်ပျိုးမှုဟက်တာ ၁၉၀.၃၈ သိန်းနှင့်နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းသွားပါကြောင်း၊ ကြံစိုက်ဧရိယာသည် ဩဂုတ်လ ၂၅ ရက်အထိ ဟက်တာ ၅၆.၀၆ သိန်းစိုက်ပျိုးထားပြီး ယခင်နှစ် စိုက်ပျိုးမှု ဟက်တာ ၅၅.၅၉ သိန်းနှင့်နှိုင်းယှဉ်ပါက အနည်းငယ်မြင့်တက်ခဲ့ပါကြောင်း၊ ဝါဂွမ်းနှင့် ဂုန်လျှော်စိုက်ပျိုးမှုမှာလည်း ဟက်တာ ၁၂၂.၅၆ သိန်းနှင့် ဟက်တာ ၆.၅၆ သိန်းသာ စိုက်ပျိုးနိုင်သဖြင့် ယခင်နှစ်စိုက်ပျိုးမှုဧကထက် အနည်းငယ်ကျဆင်းသွားကြောင်းနှင့် စုစုပေါင်းနွေရာသီစိုက်ပျိုးချိန် စိုက်ဧကမှာ သြဂုတ်လ ၂၅ ရက်အထိ ဟက်တာပေါင်း ၁,၀၅၃.၅၉ သိန်းစိုက်ပျိုးထားနိုင်သဖြင့် ယခင်နှစ် စိုက်ပျိုးမှုဟတ်တာပေါင်း ၁၀၄၉.၉၆ သိန်းနှင့်နှိုင်းယှဉ်လျှင် ပိုများခဲ့ကြောင်း သိရှိရပါ သည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် ယခုနှစ်နွေရာသီ(Kharif)စိုက်ပျိုးရေးကာလတွင် စပါးကို ပိုမိုစိုက်ပျိုးထားနိုင်သော်လည်း မြန်မာ နိုင်ငံမှ အဓိကတင်ပို့နေသည့် ပဲစဉ်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းစိုက်ဧကများ လျော့နည်းလျက်ရှိမှုအခြေအနေကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Area under paddy up 44.pc, pulses down 8.3 pc this kharif season: Govt,The Economic Times, 25 August 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News